ပခုံးအဆစ် ခဲခြင်း Frozen Shoulder အကြောင်း
ပခုံး အဆစ် ခဲခြင်း ဆိုတာ ပခုံး တဝိုက်မှာ ရှိတဲ့ တစ်သျှူးတွေ ရောင်ရမ်းတာ၊ ပုခုံးအဆစ်ထဲမှာ အမြှေးအိတ်တွေ ထိခိုက်ရာကနေ လှုပ်ရှား မရတော့တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဟာ နာကျင်မှု ခံစားရတဲ့အပြင် နေ့စဉ် လှုပ်ရှားမှုမှာ အခက်အခဲတွေ ရှိလာနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့် Frozen Shoulder ဖြစ်ရတာလဲ?
အနေအထားမမှန်ပဲ အိပ်မိတာ၊ ပခုံးကို အချိန်အတော်ကြာ လှုပ်ရှားမှု မရှိတာ၊ ဒဏ်ရာရ အရိုးကျိုးထားလို့ အနားယူရတာ၊
ခွဲစိတ်ဒဏ်ရာကြောင့် အနားယူရတာတွေဟာ အချိန် ကြာလာတဲ့အခါတွေမှာ ပခုံးအဆစ်ခဲခြင်း အခြေအနေအထိ ကူးပြောင်းသွားနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ Frozen Shoulder ဖြစ်နိုင်သလဲ?
အသက် (၄၀) နှစ်အထက် အရွယ်ပိုင်းတွေမှာ တွေ့ရလေ့ ရှိပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ အထူးသဖြင့် လေဖြတ်ထားတဲ့ လူနာတွေ၊ ဆီးချို ရောဂါ အခံ ရှိသူတွေ၊ သွိုင်းရွိုက်ဟော်မုန်း ရောဂါ ရှိသူတွေ၊ နှလုံးနဲ့ ပတ်သက်ပြီး ရောဂါ အခံ ရှိသူတွေ၊ Parkinson’s Disease ရှိသူတွေမှာ တွေ့ရတတ်ပါတယ်။
Frozen Shoulder ကို ဘယ်လိုခံစားကြရလဲ?
ပခုံး အဆစ် ခဲခြင်းမှာ နာကျင်တဲ့ အဆင့်၊ ခဲခြင်း အဆင့် နဲ့ အရည် ပျော်ခြင်း အဆင့် ဆိုပြီး (၃) ဆင့် ရှိပါတယ်။ နာကျင် အဆင့်က (၂) လ မှ (၄) လ အထိ ကြာနိုင်ပြီး နာလို့ လှုပ်ရှားမှုတွေ မရှိရာကနေ ခဲခြင်း အဆင့် သို့ ရောက်နိုင်ပါတယ်။ ခဲခြင်း အဆင့်ကတော့ (၄) လ မှ (၁၂) လ အထိ ကြာန်ိုင်ပြီး ရွေ့လျားမှုတွေ လုပ်လို့ မရတော့ပါဘူး။ အချိန်ကြာလာတဲ့အခါ သူ့အလိုလို အရည်ပြန်ပျော်တတ်ပြီး အရည်ပျော်ခြင်း အဆင့်ကတော့ (၅) လ မှ (၂၄) လ အထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့ကြောင့် ပခုံးအဆစ် ခဲခြင်းက (၃) နှစ်လောက် အထိ ကြာမြင့်ပြီး အချိန်ကြာလာရင်တော့ ပြန်ကောင်းလာနိုင်ပါတယ်။
ပခုံးအဆစ်ခဲခြင်းကို ဘယ်လိုကုနိုင်မလဲ?
ပုခုံးအဆစ်ခဲတဲ့အခါ ကုထုံးအနေနဲ့ နာကျင်တာ သက်သာဖို့အတွက် အကိုက်အခဲ ပျောက်ဆေးပေးတာ၊ အရောင်ကျဆေး steroid ပေးတာအပြင် တခါတရံမှာ ခွဲစိတ်ပြီး ကုသတာမျိုးလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ Physiotherapy လို့ခေါ်တဲ့ သင့်တင့်မျှတစွာ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေနဲ့လည်း သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
ပုခုံးအဆစ်ခဲတာဟာ လူအများစုအတွက် တစ်ကြိမ်တခါလောက် ကြုံတွေ့နိုင်ပေမယ့် တခါတရံ မပြင်းထန်ပဲ အချိန်ကြာတာနဲ့အမျှ ပြန်ကောင်းနိုင်တာလည်း ရှိနိုင်သလို ခွဲစိတ် ကုသရတဲ့အထိ ပြင်းထန်တာလည်း ရှိနိုင်တ ကြောင့် သတိပြုဆင်ခြင်နိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)